အရိုးရဲ့ ကြီးထွားမှုအပိုင်း ကျိုးရင် ဘာဖြစ်မလဲ
Growth plate ဆိုတာ ဘာလဲ
ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေရဲ့ အရိုးအစွန်းနှစ်ဖက်မှာ ကြီးထွားသန်မာမှုအတွက် အရေးပါတဲ့ တစ်ရှူးအစိတ်အပိုင်း ( Growth plate) ရှိပါတယ်။ ဒီနေရာက အရိုးတွေရဲ့ နောင်တစ်ချိန်မှာ ရှည်ထွက်လာမယ့် အရှည်နဲ့ သန်မာသော အရိုးရဲ့ ပုံပန်းသဏ္ဌာန်တို့အတွက် အဆုံးအဖြတ်ပေးမယ့်နေရာ ဖြစ်ပါတယ်။ အရိုးတစ်ချောင်းရဲ့ အစွန်းနှစ်ဖက်မှာ အနည်းဆုံး growth plate တစ်နေရာစီ ပိုင်ဆိုင်ပါတယ်။ Growth plate နေရာဟာ အရိုးတစ်ခုလုံးရဲ့ အားအနည်းဆုံး၊ အနူးညံ့ဆုံးအပိုင်း ဖြစ်ပါတယ်။
Growth plate ကို ထိခိုက်မိရင် ဘယ်လိုဖြစ်မလဲ
ကြီးထွားမှုရပ်တန့်သွားပြီဖြစ်တဲ့ လူကြီးတွေမှာ အဆစ်လွဲရုံဒဏ်မျိုး ကလေးတွေမှာ ကြုံရတဲ့အခါ Growth plate နေရာကျိုးတဲ့အထိ ဖြစ်တတ်ပါတယ်။ Growth plate ကျိုးပြီဆိုရင် ကလေးငယ်များရဲ့ အရိုးသန်မာကြီးထွားမှုကို နှောင့်နှေးစေနိုင်တဲ့အတွက် ချက်ချင်းကုသမှု ခံယူရပါမယ်။ ထိရောက်တဲ့ကုသမှု မရလိုက်ရင် ခိုက်မိတဲ့ခြေထောက်ဟာ အခြားသာမန်တစ်ဖက်နဲ့ ယှဉ်လျှင် ပိုတိုတာ၊ ပိုကောက်ကွေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။
များသောအားဖြင့် လက်ချောင်း၊ လက်ဖျံနဲ့ ခြေထောက်ပိုင်းတွေမှာ Growth plate ကျိုးခြင်း ပိုဖြစ်တတ်ပါတယ်။ လက္ခဏာများကတော့ ဖိလိုက်တဲ့အခါ အလွန် နာကျင်မယ်၊ မလှုပ်ရှားနိုင်ဖြစ်မယ်၊ အရိုးအစွန်းတွေနဲ့ အဆစ်နေရာတွေမှာ ယောင်ယမ်းနေတတ်ပါတယ်။
growth plate ကျိုးနိုင်ချေသည် မိန်းကလေးများထပ် ယောကျာ်းလေးများမှာ နှစ်ဆပိုမြင့်ပါတယ်။ အကြောင်းကတော့ မိန်းကလေးတွေက အရိုးကြီးထွားမှုသည် အရင်စောပြီးတဲ့အတွက် ဖြစ်ပါတယ်။ အသက် ၁၂ နှစ်ရောက်ရင် မိန်းကလေးအများစုရဲ့ အရိုးကြီးထွားတဲ့ အပိုင်းသည် ကျစ်လစ်တောင့်တင်းသောအရိုးနဲ့ ပြီးပြည့်စုံစွာ အစားထိုးပြီးနေတတ်ပါတယ်။
ဘယ်လိုအခြေအနေတွေမှာ growth plate ကျိုးနိုင်လဲ
- ယာဉ်မတော်တဆမှုများ
- ဘောလုံး၊ ဘတ်စကက်ဘော၊ အပြေး၊ အက စတဲ့ ယှဉ်ပြိုင်ရသော အားကစားများ
- စက်ဘီးစီးခြင်း၊ စကိတ်စီးခြင်း စတဲ့ အပန်းဖြေ အားကစားများ
- အားကစားလေ့ကျင့်ရာမှာ အနားပေးသင့်သည်ကို မနားဘဲ ဆက်လက်လေ့ကျင့်ခြင်းများ
Growth plate ကျိုးခြင်းအများစုဟာ ဆိုးကျိုးများ မဖြစ်ပေါ်ပဲ အနာကျက်ကာ ပြန်ကောင်းသွားတတ်ပါတယ်။ သို့ပေမဲ့ ထိခိုက်ဒဏ်က အလွန်ပြင်းထန်ရင်၊ ကလေးအရွယ် ငယ်လွန်းရင်၊ ထိခိုက်မိတဲ့နေရာ ပေါ်မူတည်ကာ အရိုးကြီးထွားမှု ရပ်တန့်စေနိုင်တာ၊ အရိုး ပုံသဏ္ဌာန်အနည်းငယ် တိမ်းစောင်းစေတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဥပမာ ဒူးနားတစ်ဝိုက်က ကြီးထွားမှုအပိုင်းသည် ထိခိုက်ဒဏ်ကို ခံနိုင်ရည် သိပ်မရှိတဲ့အတွက် ထိုနေရာက growth plate ကျိုးပြီး ရာသက်ပန် ပျက်စီးသွားခဲ့သော် ထိမိတဲ့ ခြေထောက်သည် ပိုတို (သို့) ပိုရှည် (သို့) ပိုကောက်တာမျိုးတွေ ပိုဖြစ်နိုင်ပါတယ်။ လက်ကောက်ဝတ်နဲ့ ပခုံးနားတစ်ဝိုက်က growth plate သည် ဆိုးဆိုးဝါးဝါး မဖြစ်ဘဲ အနာကျက်လွယ်ပါတယ်။
ဒါကြောင့် ကလေးငယ်များ အရိုးကျိုးပြီ၊ ကလေးငယ်များရဲ့ လက်မောင်း၊ ခြေထောက်တို့မှာ သိသိသာသာ ပုံပျက်တယ်လို့ သံသယရှိရင် အရိုးအထူးကုဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
ရေးသားသူ - Dr. MMT